ဟင်္သာတ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော လူငယ်များ အသိအလိမ္မာ၊ ဉာဏ်ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသူရိန်က "ကျောင်းသား/သူများအနေဖြင့် ယခုဖွင့်လှစ်ခဲ့သော သင်တန်းကို ပြီးဆုံးအောင်မြင်စွာ တက်ရောက်ပေးခဲ့ကြသောကြောင့်များစွာ ဝမ်းသာဂုဏ်ယူပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသည့်အတွက် လူငယ်များ ယခင်ကထက် ပိုမို၍ အသိဉာဏ်၊ ပညာ၊ ဗဟုသုတများ ကြွယ်ဝတိုးတက်လာမည်ကို ယုံကြည်ပါကြောင်း၊ မိမိတို့သင်ကြား တတ်သိထားသည့် အသိပညာများကိုလည်း မိမိတို့ပတ်ဝန်းကျင်တွင် ပြန်လည်၍ လက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း" အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက သင်တန်းတွင် သင်ကြားပေးခဲ့သော ဘာသာရပ်များ အကြောင်းနှင့် ထူးချွန်ဆုများ ရွေးချယ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသူရိန်က သင်တန်းသား စံပြဆုနှင့် ခေါင်းဆောင်မှု ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခြင်း၊ တာဝန်ရှိသူများမှ သင်တန်းတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/သူများနှင့် သင်တန်းဆင်း လက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ကာ သင်တန်းတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ သူများနှင့် တက်ရောက်လာသူများမှ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် သင်တန်းတက်ရောက်သည့် ကျောင်းသား/သူ (၆၀) ဦး၊ စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်ပြန်/ဆက်