ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဆီထွက်သီးနှံစုံစိုက်ဧက ၃၃၈၅၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ     မတ်       ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော ဆီထွက်သီးနှံစုံစိုက်ဧက ၃၃၈၅၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဆီစားသုံးမှု ဖူလုံစေရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆီထွက်သီးနှံစုံ လျာထားစိုက်ပျိုးမှုအနေဖြင့် မြေပဲ ၂၉၃၀ ဧက ၊ နှမ်း ၆၅၀၀ ဧက ၊ နေကြာ ၁၂၈၀၅ ဧက ၊ ပန်းနှမ်း ၁၂၁ ဧက ၊ စုစုပေါင်း ဆီထွက်သီးနှံစုံစိုက်ဧက ၂၂၃၅၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုမှာ မြေပဲ ၂၉၃၈ ဧက ၊ နှမ်း ၁၅၇၄၂ ဧက ၊ နေကြာ ၁၅၀၅၀ ဧက ၊ ပန်းနှမ်း ၁၂၁ ဧက ၊ စုစုပေါင်း ၃၃၈၅၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ဆောင်းရာသီက စိုက်ပျိုးခဲ့တဲ့ ဆီထွက်သီးနှံစုံစိုက်ခင်းများကို ဒေသခံတောင်သူတွေက  ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ  ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့က မြေပဲသီးနှံ တစ်ဧကလျှင် ၅၄ ဒသမ ၀၅ တင်း ၊ နှမ်းသီးနှံ တစ်ဧကလျှင် ၈ ဒသမ ၂၅ တင်း ၊ နေကြာသီးနှံ တစ်ဧကလျှင် ၂၅ ဒသမ ၅၀ တင်း ၊ ပန်းနှမ်းသီးနှံ တစ်ဧကလျှင် ၁၀ ဒသမ ၇၀ တင်း ထွက်ရှိပါတယ်။ ယခုနှစ်က သီးနှံအထွက်နှုန်းတွေ တိုးတက်ကောင်းမွန်ခဲ့သလို ရောင်းချရာမှာလဲ ဈေးကောင်းရရှိတာကြောင့် ဒေသခံ တောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိပြီး လုပ်ငန်းအဆင်ပြေကြပါတယ်။ ဒေသခံတောင်သူတွေကိုလည်း တစ်နှစ်ထက်တစ်နှစ် ဆီထွက်သီးနှံစုံစိုက်ဧက တိုးချဲ့စိုက်ပျိုးဖို့နဲ့ အထွက်နှုန်းများ ကောင်းမွန်စေဖို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၊  နှမ်း ၊ နေကြာ ၊ ပန်းနှမ်း သီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သီးနှံပိုးမွှားရောဂါအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)နည်းစနစ်နဲ့ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆက်စပ်ဌာနများက လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် သီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့သလို ဈေးကောင်းလည်း ရရှိတာကြောင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )