ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေး

ဘားအံ မတ် ၃၀

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ တက္ကသိုလ်နှင့် စာသင်ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ရွှေဘိုကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုကျောင်းပရိယတ္တိစာသင်တိုက်၊ ဘားအံတက္ကသိုလ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်နယ်ကမ္မဌာန်းကျောင်းတိုက်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများစုစုပေါင်းအင်အား ၁၈၀၀ ကျော်ဖြင့် သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန်ပစ်ပလက်စတစ်နှင့် အမှိုက်များအားဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ကမ္မဌာန်းကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၃၂ ဒဿမ ၆၅ သန်းဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော ဘားအံ-အိန္ဒုလမ်း မြောက်ဘက်ခြမ်းတွင် အကျယ်(၃)ပေ၊ အနက်(၄)ပေ၊ အရှည် ၂၃၅၀ ပေရှိ အုတ်စီရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ရဲသာ(ကမော့ကစင်)ကျေးရွာ၊ မြို့ရှောင်လမ်းဆုံအနီးရှိ ယာယီယာဉ်ချိန်းပြောင်းကွင်းတွင် မော်တော်ယာဉ်များပေါ် ကုန်ပစ္စည်းများချိန်းပြောင်း တင်ဆောင်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ယာယီယာဉ်ချိန်းပြောင်းကွင်းအတွင်း လုံခြုံရေးအဆောက်အဦ၊ စားသောက်ခန်း၊ ဝန်ထမ်းနားနေဆောင်၊ သန့်စင်ခန်းတည်ဆောက်မည့်နေရာများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်အကျိုးပြုဧရိယာအတွင်း အကျဉ်းဦးစီးဌာနမှစိုက်ပျိုးထားသော ဆင်းသုခတစ်ကွင်းတစ်ဆက်တည်း ဧက ၂၀ စိုက်ခင်းတွင် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးကျင်းပသော နွေစပါးဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကွင်းသရုပ်ပြပွဲတွင် ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ ရောစပ်အသုံးပြုခြင်း၏ အကျိုးရလာဒ်များကို ရှင်းလင်းပြောကြားပြီး တရုတ်လှ၊ ကော့ကျိုက်ကျေးရွာများမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီးပြည်နယ်ဝန်ကြီးချုပ်က သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်ရန်လိုပြီး သွင်းအားစုများကိုအချိန်ကိုက်အသုံးပြုရန်၊ ယူရီးယားဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာကို ရောစပ်အသုံးပြုခြင်းဖြင့် လေလွင့်ဆုံးရှုံးမှုနည်းပါးစေပြီး ပိုမိုထိရောက်စေသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများအနေဖြင့် တောင်သူများနည်းစနစ်မှန်ကန်စွာအသုံးပြုနိုင်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဘားအံမြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ဝန်ကြီးဌာနအလိုက် မဟာသင်္ကြန်မဏ္ဍပ်များ ကြိုတင်တည်ဆောက်ပြင်ဆင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)