ဓနုဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဓနုဖြူ မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေး ဦးစီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် အခြေခံအိမ်ထောင်စုများနှင့် ကျေးရွာကော်မတီဝင်တို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ ရွှေဘုံသာဓမ္မရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျေးလက်ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အမာလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်ဝင့်သူသူအောင်က စွန်ပစ်အမှိုက်စီမံခန့်ခွဲမှုသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုတွင် ဆောင်ရွက်မည့် အမှိုက်ပုံး၊ ထွန်ခြစ်၊ ပေါက်တူးနှင့် ဂေါ်ပြားစသည့်အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျေးလက်ဒေသရှိ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်း ကျောင်းမြှင့်တင်ရေးစီမံကိန်းတွင် စိုက်ပျိုးရေးဆောင်ရွက်မည့် အခြေခံအိမ်ထောင်စု (၁၄) စုနှင့် မွေးမြူရေးဆောင်ရွက်မည့် အခြေခံအိမ်ထောင်စု (၁၆) စုတို့အား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျေးလက်ဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့များမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား မြေပြင်အမှန်တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)