မကွေး မတ် ၃၀
မြန်မာနှစ်သစ်ကူးပွဲတော် တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဧရာဝတီမြစ်ကမ်းဘေးရှိ ကမ်းနားလမ်းတွင် ရေကစားမဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
မကွေးမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး မဏ္ဍပ်များတွင်လည်း ရေကစားခြင်းနှင့်အတူ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မကွေးမြို့ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃) ရက် သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)