ရွှေဘို မတ် ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျောင်သား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁း၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် အခြေခံပန်းချီ သင်တန်းဆင်းပွဲကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကာယ ဉာဏပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်၊ သင်တန်းမှပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကို ဆက်လက်လေ့လာသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ သင်တန်းကာလ(၁)လတွင် သင်တန်းသား၊ သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် ပန်းချီဆရာကြီး ဦးမြင့်ဆွေက ပန်းချီအခြေခံမှ လူပုံအဆင့်ဆင့် ရေးဆွဲနည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းးပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ထွန်းခိုင်