စလင်း မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးရွာသုံးစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့် ကျေးရွာ(၁)ရွာလျှင် (၂)ဧက စိုက်ပျိုးနိုင်ရေး၊ ပြည်သူကိုဗဟိုပြု၍ စိုက်ခင်းများအား အိမ်ထောင်စုတိုင်း ကျွန်း(၃)ပင်နှင့် သစ်မာပင်များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ရည်ရွယ်ကာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပျိုးပင်များအား ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ နှစ်စဥ်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရေးအတွက် ဒေသခံပြည်သူများမှ စိုက်ပျိုးလိုသည့် နေရာများတွင် စိုက်ပျိုးနိုင်ကြစေရန်အတွက် ဖျောက်ဆိတ်၊ ဒဟတ်၊ တမာ၊ ယင်းမာ၊ ကျွန်း၊ ယူကလစ်၊ မဲဇလီ၊ ကုက္ကိုတို့ကို ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ပြုစုပျိုးထောင်၍ ပျိုးဥယျာဥ်များတွင် ထားရှိကြေင်း သိရသည်။
စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာသုံးထင်းစိုက်ခင်းဧက (၉၀)အတွက် ပျိုးပင်ပေါင်း (၄၈၆၀၀)ပင်အား စိုက်ပျိုးထားရှိပြီး အမြဲတမ်းပျိုးဥယျာဥ် ကျေးလက်ဒေသဖွံဖြိုးရေးနှင့်အထူးစိမ်းစိုက်ပင်များဖြစ်သည့် ဖျောက်ဆိတ် (၇၅၈၀)ပင်၊ ဒဟတ် (၁၂၈၀၀)ပင်၊ တမာ (၂၀၃၈၀)ပင်၊ ကျွန်း (၇၀၃)ပင်၊ ယူကလစ် (၆၁၈၀)ပင်၊ မဲဇလီ (၇၈၀)ပင်၊ ကုက္ကို (၄၂၀)ပင်တို့အား ပြည်သူဗဟိုပြုစိုက်ပျိုးခြင်းအတွက် ပြုစုပျိုးထောင်ထားရှိပါကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဝန်ထမ်းများမှ ပြုစုပျိုးထောင်ထားရှိသည့် အပင်များ သေဆုံးမှုမဖြစ်ပွားရအောင် နေ့စဥ်ရေလောင်းခြင်း ပေါင်းမြက်ရှင်းလင်းခြင်း၊ သဘာဝမြေသြဇာထည့်ပေးခြင်း လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် ပျိုးပင်များ အရိပ်ရရှိရေးတို့အတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့်ရွှေ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပျိုးပင်ပေါင်း (၁၀၅၃၃၃)ပင်အား ပျိုးထောင်ထားရှိကြောင်း သိရသည်။
မောင်လွင်