ပခုက္ကူ မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်ပညာသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ အမျိုးသမီးငယ်သင်တန်းသူ ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းထံက သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေအမျိုးသမီးများအား အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ကျွမ်းကျင်တတ်မြောက်ကာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိနိုင်စေရေး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာရပ်များကို နည်းစနစ်မှန်ကန်စွာအသုံးချ၍ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေကို သမာအာဇီဝကျစွာ ရှာဖွေလုပ်ကိုင်နိုင်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများရှိ အမျိုးသား၊ အမျိုးသမီး (ကျား/မ)လူနေမှုအဆင့်အတန်းကွာဟမှု ကျဉ်းမြောင်းနိုင်စေရေး၊ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွင်း ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှစတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သောအဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှုသင်တန်းတက်ရောက်ပြီးသူ ၁၉၅၄ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၇၆၀ ဦး၊ ကြိမ်/ဝါးသင်တန်းတက်ရောက်ပြီးသူ တစ်ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတက်ရောက်ပြီးသူ ၃၇၅ ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၂၆၅ ဦး၊ စုစုပေါင်းသင်တန်းသူ ၃၃၅၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပအသိပညာဗဟုသုတများတိုးပွားရရှိစေရန် လူကုန်မှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားသိမြင်နိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားပြီး လက်တွေ့ဆောင်ရွက်စေခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်စေခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းဆင်းပြီးသူများမှ အထည်ချုပ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသည့် သင်တန်းသူများကိုလည်း ရန်ကုန်မြို့ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ခေတ်မီမော်တာအထည်ချုပ်စက်များဖြင့် သင်တန်းဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အလုပ်သမားအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးကာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းကာ အချိန်တိုအတွင်း အထည်ချုပ်စက်ရုံးများတွင် အလုပ်ခန့်အပ်ပေးလျက်ရှိကြောင်း၊ သင်တန်းကျောင်းအနေဖြင့် အိမ်တွင်းမှုပညာရပ်များအပြင် ဘဝအတွက်ကျွမ်းကျင်စရာများဖြစ်သည့် စားဝတ်နေရေးကအစ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော အမျိုးသမီးလေးများဖြစ်လာစေရေးအတွက် နေ့စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ လူငယ်များနှင့်မိဘများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသည့်ပညာရပ်မှာ တက္ကသိုလ်ပညာရပ်မဟုတ်သော်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်၏ တန်ဖိုးနှင့် အရေးပါမှုကို သိရှိနားလည်စေလိုကြောင်း၊ သင်တန်းတက်ရောက်ပြီးစီးသည့် သင်တန်းသူအမျိုးသမီးလေးများအနေဖြင့် မိမိတို့အရပ်ဒေသကို ပြန်လည်ရောက်ရှိသည့်အခါ စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုတည်း ဦးတည်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးကြရန် အစဉ်အမြဲ မှာကြားလျက်ရှိကြောင်း သိရှိရသည်။
ဘာမီသာ(ပခုက္ကူ)