မြို့နယ်လမ်းဦးစီးဌာနမှ ယာဥ်မောင်းများ လမ်းမကြီးတွင် လိုက်နာရမည့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

တနင်္သာရီ မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့နယ် (မြိတ်-ကော့သောင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ  တနင်္သာရီတံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သီဟနှင့် ဝန်ထမ်း (၄) ဦး တို့က “လူ့အသက်တွေ ကယ်တင်ဖို့ လမ်းစည်းကမ်းကို လိုက်နာစို့” ဆောင်ပုဒ်နှင့်အညီ တံတားစစ်ဆေးရေးဂိတ်တွင် တာဝန်ကျ အမှတ် (၅၅၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးမိုးဇော်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ ဒုရဲအုပ်မျိုးမင်းဇော် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍  ယနေ့နံနက် (၇) နာရီအချိန်က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ  ဆောက်လုပ်ရေးဝန်ကြီးဌာန သဘာဝပတ်ဝန်းကျင်လူမှုရေးရာနှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဌာနခွဲမှ “လမ်းဦးစီးဌာန၏ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အင်ဂျင်နီယာဘာသာရပ် အရင်းအမြစ်များ ပိုမိုကျယ်ပြန့်ပြီး လမ်းတည်ဆောက်ရာတွင် အလေးထားထည့်သွင်း လိုက်နာဆောင်ရွက်စေရန် အဓိကလမ်းစီမံကိန်းအားလုံး၏ လမ်းတည်ဆောက်ရေး အဆင့်တိုင်းတွင်  Road Safety Audit လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်လာစေရန်၊ ယာဉ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပွားသည့် နေရာများနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းများအား စုံစမ်းဖော်ထုတ်ခြင်း၊ ပြန်လည်ကုစားမည့် နည်းလမ်းများနှင့် ဆောင်ရွက်ရမည့် အစီအစဉ်များအား သတ်မှတ်ဆောင်ရွက်ခြင်း” စသည့် ရည်ရွယ်ချက်များဖြင့် အသိပညာပေး လက်ကမ်းစာစောင်များကို မော်တော်ယာဉ်မောင်းနှင်သူများ၊ ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေကြသည်။

အဆိုပါ ပညာပေးလက်ကမ်းစာစောင်တွင် “ယာဥ်မောင်းစဥ်လိုက်နာရမည့်အချက်များ” “လမ်းမကြီးတွင် လိုက်နာရမည့် စည်းကမ်းများ” “အရှိန်နှုန်းသတ်မှတ်ချက် (Speed Limit km/h) မြို့တွင်း/မြို့ပြင်” “လူ့အသက်တွေ ကယ်တင်ဖို့ လမ်းစည်းကမ်းကို လိုက်နာစို့ (Follow Traffic Rule , Save Lives)” စသည့် စိတ်ဝင်စားဖွယ် အချက်များပါရှိပြီး လက်ကမ်းစာစောင် (၁၀၀) စောင်ကို ခရီးသွားများ ယာဥ်မောင်းနှင်သူများအား အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ