သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂) ပါးအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆိုပင့်ဆောင်

မြိတ် မတ် ၃၀

နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် မြိတ်မြို့ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် တောကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်တို့သည် မတ် (၃၀) ရက် နံနက်ပိုင်းက မြိတ်မြို့သို့ ပြန်လည်ကြွရောက်လာရာ မြိတ်လေဆိပ်တွင် ဆရာတော်သံဃာတော်၊  ခရိုင်သာသနာရေးမှူးနှင့် တပြည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုဂုဏ်ပြု ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

သာသနာတော်ဆိုင်ရာ ဂဏာစရိယဂုဏ်၊ ဂန္တဓုရာဝဟဂုဏ်၊ ပရိယတ္တိဝိသာရဒဂုဏ်၊ သံဃဂဏာ ဝိရောဓနဂုဏ်၊ လဇ္ဇိပေသလ သိက္ခကာမ စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူကြသည့် အောင်မင်္ဂလာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသ အရှင်မြတ်အား အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ တောကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ အရှင်မြတ်အား  ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တပေါင်းလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ဆရာတော်တို့အား ကြိုဆိုပင့်ဆောင် ဂုဏ်ပြုပူဇော်ရာတွင် မြိတ်မြို့ရှိ ဆရာတော်သံဃာတော်များ၊ တပည့်ရဟန်းသံဃာများ၊ ခရိုင်သာသနာရေးမှူးနှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုခဲ့ကြပြီး ဆရာတော်ကြီးအား ဂုဏ်ပြုမော်တော်ယာဉ် ပလ္လင်ထက်သို့ ပင့်ဆောင်ကာ အများပြည်သူ ပူဇော်ကြည်ညိုနိုင်စေရန် လေဆိပ်မှစ၍ မြို့တွင်းလမ်းတစ်လျှောက် လှည့်လည်အပူဇော်ခံခဲ့ကြ၍ စာသင်တိုက်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)