ပုသိမ် မတ် ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့၏ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့ရှိ တည်းခိုခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် ငွေဆောင်၊ ချောင်းသာကဲ့သို့ ထူးခြားသောကမ်းခြေများ ရှိခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များ၊ နှစ်စဉ် တိုးတက်ဝင်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာ လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၁၆) သိန်းကျော် ဝင်ရောက်တည်းခိုခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ (၂) လတာကာလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည် (၃) သိန်းကျော် ဝင်ရောက်တည်းခိုခဲ့ပြီး ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိသောကြောင့် ငွေဆောင်၊ ချောင်းသာ ကမ်းခြေဒေသကို လာရောက်ကြသည့် ခရီးသွားဧည့်သည်များသည် ကိုဗစ်ကာလအပြီး နောက်ပိုင်းတွင် သိသိသာသာ ပိုမိုတိုးတက်လျက်ရှိရာ ခရီးသည်ဝင်ရောက်မှုစာရင်းများ စနစ်တကျ မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ နေ့စဉ်တည်းခိုကြသည့် ဧည့်သည်စာရင်း အချက်အလက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ Online မှတဆင့် လွယ်ကူလုံခြုံလျှင်မြန်စွာ ပေးပို့နိုင်ရေး ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ရယူထားသော ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ အသုံးပြုလျက်ရှိပါကြောင်း၊ ယခုအခါတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များမှ လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်နေသည့် တည်းခိုခန်းများတွင် တစ်ပြေးညီအသုံးပြုရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မဖြစ်မနေသုံးစွဲရမည့် စနစ်ဖြစ်သည့်အတွက် ယခုတက်ရောက်လာသည့် မြို့စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်းကိုယ်စားလှယ်များအနေဖြင့် သေချာလေ့လာမှတ်သားပြီး မိမိမြို့နယ်ရှိ တည်းခိုခန်းများကို ပြန်လည်ဆင့်ပွား သင်တန်းပို့ချသွားရမည်ဖြစ်ပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံစိတ်ချရသည့် ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS) ကိုအသုံးပြုရင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး တက်ရောက်လာသူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန အဖွဲ့အစည်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်သူများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များကို သိရှိနားလည် နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ် နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာကျဆင်းမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများသည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသူများဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတား ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် ကျောသား၊ ရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ပုံရိပ် ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အသိပညာပေးလုပ်ငန်းများအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ကဏ္ဍစုံ၊ ထောင့်စုံမှ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နေသည် ကိုလည်းသိရှိရပါကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးကြရန်" တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ နည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများ၊ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပမှုများ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)