ပုသိမ် မတ် ၂၉
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက ဖွင့်လှစ်သော Emergency Care Training for Medical Officers and Nurses ဆရာဝန်နှင့် သူနာပြုများအတွက် အရေးပေါ်ကုသမှုသင်တန်းကို ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး (၉) ထပ်ဆောင် Conference Hall တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ဥက္ကလာပ ဆေးရုံကြီး အရေးပေါ်ကုသမှု ဆေးပညာဌာန ပါမောက္ခ ဒေါက်တာခိုင်ရွှေဝါက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။ သင်တန်းတွင် အရေးပေါ်ကုသမှုဆိုင်ရာ ပညာရပ်များအား မတ်လ (၂၈) ရက်နေ့မှ မတ်လ (၂၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများမှ ဆရာဝန်၊ သူနာပြု သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သင်ကြားပြသမည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး များ၊ သင်တန်းသား၊ သင်တန်းသူ ဆရာဝန်နှင့် သူနာပြုများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)