ကြံခင်း မတ်၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအန္တရာယ်မှကင်းဝေးစေရန်နှင့် တိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်နိုင်သော ရောဂါများအားသိရှိနိုင်စေရန်ရည်ရွယ်ပြီး ခွေးရူးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က (အ.ထ.က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးဦးဌေးဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝင်းကိုက ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများ၊ တိရစ္ဆာန်မှတစ်ဆင့်ရောဂါကူးစက်ပုံအဆင့်ဆင့်၊ ခွေးရူးရောဂါဖြစ်ပွားနေသော လက္ခဏာရပ်များနှင့် ကာကွယ်ရမည့်အချက်များ၊ ကာကွယ်ပုံနည်းစနစ်များကို အသိပညာပေးဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက ခွေးရူးရောဂါအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)