ဟင်္သာတခရိုင် ပြန်ဆက်ရုံးတွင် ဖွင့်လှစ်လျက်ရှိသော "လူငယ်များအသိအလိမ္မာ ဥာဏ်ပညာ ဖွံဖြိုးတိုးတက်ရေး" သင်တန်းသားများ နယ်မြေဒေသ လေ့လာရေး ခရီးထွက်

ဟင်္သာတ မတ် ၂၉

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော "လူငယ်များ အသိအလိမ္မာ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးသင်တန်း" မှသင်တန်းသားသင်တန်းသူများသည် မတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီက ဟင်္သာတမြို့နယ်အတွင်းသို့ လေ့လာရေးခရီးထွက်ကာ ဒေသန္တတရဗဟုသုတများ တိုးပွားရေး လှည့်လည်လေ့လာခဲ့ကြသည်။

အဆိုပါ သင်တန်းရှိ "ကျောင်းသား၊ ကျောင်းသူလူငယ်များအား နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး မိမိတို့လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ပြုမှုနေထိုင်ပြောဆိုတတ်စေပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ မိမိဒေသရပ်ရွာကို ချစ်ခင်မြတ်နိုးပြီး တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ ထွန်းကားလာစေရန်၊ စာပေကိုချစ်မြတ်နိုး၍ စာကြည့်တိုက်များကိုအသုံးချကာ မိမိဘဝအတွက် အထောက်အကူဖြစ်စေရန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ဟင်္သာတမြို့နယ်အတွင်းရှိ လိပ်ချောင်း ကျေးရွာတွင် သင်ဖျာယက်လုပ်ငန်း၊ မန်းမရွေးမုန့် လုပ်ငန်းတို့အား လေ့လာခဲ့ကြပြီး ဖားအောက်တောရဆရာတော်ဘုရားကြီး ဦးဆောင်တည်ထားတော်မူသော နှစ်ကျိပ်ရှစ်ဆူ ကောင်းမှုတော်စေတီမြတ်ကြီးအား ဖူးမျှော်ခြင်း၊ ဒေသခံ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ဗဟုသုတအမြင်များ အပြန်အလှန်ဆွေးနွေး ဖလှယ်ခြင်း၊ နိဗ္ဗာန်ကျေးရွာ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဇာတိမြေရှိ ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၊ ဓမ္မဗိမာန်ကျောင်းတိုက်ရှိ ဝိဇ္ဇာသမ္မန်ဒါစာကြည်တိုက်၊ ဟင်္သာတတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများသို့ သွားရောက်လေ့လာခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို၍ ကလေးများသိရှိလိုသည်များကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဥ်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၆၀) ဦးနှင့် သင်တန်းကြီးကြပ်သူ(၁၀)ဦး၊ စုစုပေါင်း ၇၅ ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် (ဟင်္သာတ)