တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိ

တောင်ငူ မတ် ၂၉

ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ၁၃၈၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၂) ဖြေဆိုလျက်ရှိသည်။

တောင်ငူမြို့၊ သာသနာ့ဗိဗာန်တော်ကြီး၌ ၁၃၈၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ၊ နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ဖြေဆိုသွားမည်ဖြစ်ပြီး မတ် ၂၈ ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၁)၊ မတ် ၂၉ ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၂)၊ မတ် ၃၀ ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ ကျမ်းရင်း (၁)၊ မတ် ၃၁ ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာကျမ်းရင်း (၂)၊ ဧပြီ ၁ ရက်နေ့တွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ ကျမ်းရင်း (၁)၊ ဧပြီ ၂ ရက်နေ့တွင် ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ ကျမ်းရင်း (၂)၊ ဧပြီ ၃ ရက်နေ့တွင် မြန်မာဂုဏ်ထူး၊ ဧပြီ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ပါဠိဂုဏ်ထူးကို ဖြေဆိုရမည်ဖြစ်သည်။

ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ကျမ်းရင်း (၂) ဖြေဆိုသူ သံဃာတော် (၃၂၄)ပါး၊ သီလရှင် (၃၂)ပါး၊ စုစုပေါင်း (၃၅၆) ပါးဖြေဆိုလျက်ရှိပြီး ၁၃၈၅ ခုနှစ်၊ အစိုးရပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ငူခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို