နိုင်ငံတော်အစိုးရမှဆက်ကပ်သော သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပရဟိတမြို့ရွှေကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တရဉာဏ အရှင်သူမြတ်အား ထပ်ဆင့်ပူဇော်ပွဲနှင့် (၂၅) ကြိမ်မြောက် ပရဟိတရှင် (၁၀၈) ပါး ရှင်ပြုအလှူတော်မင်္ဂလာပွဲ ကျင်းပ

မြန်အောင် မတ် ၂၉

နိုင်ငံတော်အစိုးရမှဆက်ကပ်သော သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပရဟိတမြို့ရွှေကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရဉာဏ အရှင်သူမြတ်အားထပ်ဆင့်ပူဇော်ပွဲနှင့် (၂၅) ကြိမ်မြောက် ပရဟိတရှင် (၁၀၈) ပါး ရှင်ပြုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်ကမြန်အောင်မြို့ ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

 အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်ပြီး တေသံရှင်ခိုင်ဇာဖြိုး (ယဥ်ကျေးမှုဝန်ကြီးဌာန) က"ထူးမခြားနား"သီးချင်းခန့် ဖြင့်သီကြူးပူဇော်သည်။ ထို့နောက် မြန်အောင်မြို့ပန်းညိုကွင်းကျောင်း ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ဘဒ္ဒန္တ ဥတ္တရဉာဏ အရှင်သူမြတ်၏ ထေရုပ္ပတ္တိ အကျဥ်းနှင့်ဂုဏ်ပြုပူဇော်ဂါထာတော်များကို ဆရာတော်များကရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

 အခမ်းအနားတွင်သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုးက ပရဟိတမြို့ရွှေကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တရဉာဏ အရှင်သူမြတ်ထံ ထပ်ဆင့်ဆက်ကပ် လှူဒါန်းပူဇော်ခဲ့သည်။ ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ၊ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ ၊ တပည့်ဒါယကာ၊ဒါယိကာမများက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 အခမ်းအနားတွင် တေသံရှင်ခိုင်ဇာဖြိုး (ယဥ်ကျေးမှုဝန်ကြီးဌာန) က"ရတုပိုဒ်စုံ၊ ရှစ်လုံးဘွဲ့တေးထပ်" တို့ဖြင့်သီကြူးပူဇော်ဂုဏ်ပြုခဲ့ကြသည်။ ထို့နောက် မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း အာဂမနယူပဒေသကျောင်းဆရာတော် ဘဒ္ဒန္တညေယျာဘိဝံသ ထံမှရေစက်ချ အနုမောဒနာတရားနာယူ ၍ဗုဒ္ဓသာသနဲစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့သည်။

ဝင်းဗိုလ် (ပြန်/ဆက်)