ပေါင်းတည်၌ နွေရာသီကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဖွင့်လှစ်

ပေါင်းတည် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေန့ ညနေခင်းက မြို့နယ်အားကစားခန်းမတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့တို့နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ထိုသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်အတွက် မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ တက်လှမ်းနိုင်စေရမည်ဟူသော မြင့်မားလေးနက်တဲ့ နိုင်ငံတော်၏ ရည်ရွယ်ချက်ကို ရေရှည်စီမံချက်ထားကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အခြေခံကာ ရပ်ကွက်၊ ကျေးရွာများမှ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က ခွန်အားဖြည့်အအေးကဒ်များ ထောက်ပံ့ပေးအပ်ရာ သင်တန်းသားများကိုယ်စား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်နီလာဝင်းနှင့် သင်တန်းနည်းပြများက လက်ခံရယူကြပြီးနောက် သသင်တန်းသူများ အေရိုးဗစ်အခြေခံ ကကွက်များဖြင့် သရုပ်ပြသခဲ့ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြများသင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)