သာယာဝတီမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်

သာယာဝတီ    မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

 အဆိုပါ အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းပြုလုပ်ရာသို့ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာမိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာရမည့်အချက်များ မီးဘေးအန္တရာယ်အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများအား မီးဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)