မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ သွားရောက်မည့်သူများအား ကြိုဆိုနှုတ်ဆက်

မင်းဘူး မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ သွားရောက်ကြမည့်သူများအား မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်း၌ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ စုရပ်အသီးသီးမှ ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ သွားရောက်ကြမည့်သူများကို မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ အ.ထ.က (၂)ကျောင်းမှ ဘင်ခရာနှင့် ပန်းပွားမောင်မယ်လေးများက ဦးစွာဂုဏ်ပြုဧည့်ခံကြိုဆိုသည်။

ထို့နောက် ခန်းမအတွင်း၌ မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ခေါင်းဆောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းသားများအား လိုအပ်သည်များကိုမှာကြားပြီး မကွေးတိုင်းဒေသအကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်း(၁၁)မျိုးကို တစ်ဦးချင်းထောက်ပံ့ပေးအပ်ကာ သင်တန်းကျောင်းသို့ သွားရောက်ကြမည့်သူများအား သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပထမဆုံးအကြိမ်တက်ရောက်မည့် သင်တန်းသား(၉၅)ဦးရှိကြောင်း၊ အဆိုပါ သင်တန်းသားများအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့် တာဝန်ရှိသူများက မော်တော်ယဉ်နှစ်စီးဖြင့် တောင်တွင်းကြီးမြို့ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ စနစ်တကျ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)