စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆိုင်ရာ ကွန်ပျူတာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) ဆင်းပွဲ ကျင်းပ

မုံရွာ မတ်

စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ဌာန၏ရုံးလုပ်ငန်း၊ ကွင်းလုပ်ငန်း(စ.ထ.ထ.ရ)ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ e.Government ကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား အထောက်အပံ့ဖြစ်စေရန်၊ ဌာနတွင် ကွင်းလုပ်ငန်း၊ ရုံးလုပ်ငန်းဘက်စုံကျွမ်းကျင်သည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန် ဌာန၏မူဝါဒနှင့် ရည်မှန်းချက်များ အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်၊  လုပ်ငန်းတင်ပြချက်အစီရင်ခံစာများအား စံချိန်စံညွှန်းနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မတ်လ ၁၄ရက်နေ့မှစတင်ကာ (၁၂)ရက်ကြာဖွင့်လှစ်ခဲ့သည့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆိုင်ရာ ကွန်ပျူတာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး သင်တန်းခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဒီသင်တန်းမှာ  သင်ကြားပို့ချပေးခဲ့တဲ့ ဘာသာရပ်တွေကို ဌာနမှကျွမ်းကျင်အရာရှိများနဲ့ ကွန်ပျူတာဆိုင်ရာ
သင်တန်းသား/ သင်တန်းသူဝန်ထမ်း တွေအနေနဲ့ နားလည်တတ်သိအောင် ကြိုးစားလေ့လာ သင်ယူ
ခဲ့ကြပြီးဖြစ်၍ လက်တွေ့လုပ်ငန်းခွင်မှာလည်း ကျွမ်းကျင်အောင် လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရဲ့ (စ-ထ-ထ-ရ) လုပ်ငန်းလမ်းညွှန်စာအုပ် (SOP)တွေလည်း ထုတ်ပြန်ပြီး ဖြစ်တဲ့အတွက် အမြဲလက်ကိုင်ထားပြီး ဖတ်ရှုလေ့လာနိုင်ကြဖို့လိုပါကြောင်း။ မသိနားမလည်တာ၊ မရှင်းလင်းတာရှိရင်လည်း တတ်သိနားလည် ကျွမ်းကျင်သူတွေထံမှာ မေးမြန်းလေ့လာ သင်ယူလေ့ကျင့်ကြဖို့လိုပါကြောင်း၊ စိမ်း/စိုဌာနရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့  အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာလှပစေရန် ရေမြေသဘာဝဝန်းကျင်ကို ထိန်းသိမ်းရန်ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားထာဝစဉ်ဖွံဖြိုးတိုးတက်စေရန် သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့်အနှစ်သာရကို ဒေသနေပြည်သူများ သိရှိနားလည်စေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာမြှင့်တင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို တိုးတက်ရရှိစေရန် ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန် သဲကန္တာရဖြစ်ထွန်းမှုကို ကာကွယ်တားဆီးရန် ဆိုတဲ့အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရဲ့ အဓိကရည်ရွယ်ချက်(၈)ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လက်တွေ့လုပ်ငန်းခွင်မှာ ကြုံတွေ့ကြရမဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ကြဖို့အတွက်လည်း လေ့လာရင်းသင်ယူ၊ သင်ယူရင်း လေ့လာခြင်းဖြင့် နိုင်ငံတော်ရဲ့တာဝန်တွေကို ကျရာကဏ္ဍ အသီးသီးကနေ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံတမ်းဆောင်နိုင်ကြတဲ့ နိုင်ငံ့အဖိုးတန် သားကောင်း/ သမီးကောင်း/ ဝန်ထမ်းကောင်း ရတနာလေးတွေဖြစ်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယထူးချွန်ဆုရရှိသူ သင်တန်းသား/သင်တန်းသူများအား ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ သင်တန်းနည်းပြဆရာ/ဆရာမများကို ဂါရဝပြုလက်ဆောင်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် သင်တန်းသားခေါင်းဆောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ တောအုပ်၊ တောကြပ်၊ အငယ်တန်းစာရေးနှင့် ရုံးအကူဝန်ထမ်း သင်တန်းသား/ သူ(၁၅)ဦးအား  တိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီ ကွန်ပျူတာအသုံးပြုပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရဲ့ တင်ပြချက်များ၊ မှတ်တမ်းမှတ်ရာများနဲ့ စာရင်းဇယာများ၊ လုပ်ငန်းအစီရင်ခံစာ(Reports)များကို ရုံးစာရေးသားပြုစုရာမှာ မဖြစ်မနေသိရှိထားရမဲ့ ရုံးလုပ်ငန်းများဆိုင်ရာ၊ ကွင်းလုပ်ငန်းများဆိုင်ရာ Microsoft Word, Microsoft Office Excel, PowerPoint, Photoshop and Design, PageMaker ကွန်ပျူတာ အခြေခံဘာသာရပ်များနဲ့ ဓါတ်ပုံ/ Video မှတ်တမ်းရိုက်ကူးခြင်း၊ GPS ကိုင်တွယ်အသုံးပြုခြင်းနှင့် ArcGIS မြေပုံရေးဆွဲခြင်းဆိုင်ရာ ကွန်ပျူတာဘာသာရပ် ထုတ်လုပ်ခြင်းဆိုင်ရာ Droneဖြင့် ကောင်းကင်မြေပုံ/ဓါတ်ပုံ ကွန်ပျူတာဘာသာရပ်များကို (၁၄-၃-၂၀၂၄) ရက်နေ့မှ (၂၈-၃-၂၀၂၄) ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)