ပေါက်ခေါင်း မတ် ၂၉
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံမြေများတွင်စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များ နွေရာသီအသီးသီးရင့်ချိန်တွင် မိုးရာသီရောင်းချရချိန်ထက် ဈေးနှုန်းပိုမိုရရှိ၍အကျိုးအမြတ်များစွာရရှိကြောင်း ဥယျာဉ်ခြံမြေတွင်သံပုရာပင်စိုက်ပျိုးသူများထံမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် မိုးတွင်းအခါကသံပုရာသီးတစ်လုံးလျှင် ၃၀ ကျပ်ဖြင့်သာရောင်းချရပြီး ယခုနွေရာသီကာလမှာတော့ တစ်လုံးကို ၂၀၀ ကျပ်နှုန်းရရှိကာ ဝယ်ယူသူများကအိမ်တိုင်ရာရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။" အိမ်ကခြံမြေမှာပဲ သံပုရာပင် ၆၀ ပင်ပျိုးထောင်၊ ကိုင်းကူးစိုက်ပျိုးထားပါတယ် ကိုင်းကူးပြီး ၃ နှစ်အကြာမှာအသီးကင်းစသီးတယ်၊ စိုက်ပျိုးထားတာကြာတော့ တစ်ပင်ကိုအလုံးရေ ၁၀၀ ကျော်သီးတယ် မနေ့ကတစ်လုံးကိုအများဈေး ၁၇၀ နှုန်းနဲ့အလုံး ၂၅၀၀ ရောင်းချရပါတယ်၊ နောက်ထပ် ၂ ရက်၊ ၃ ရက်ခြားရင် ထပ်ခူးရပါမယ် သံပုရာပင်က မြေနေရာကျယ်ဝန်းရင်စိုက်ပျိုးသင့်တဲ့ သီးပင်ဖြစ်ပါတယ်"ဟု ရွာသံပုရာပင်စိုက်ပျိုးသူ ဦးအောင်ဝင်းကပြောသည်။
သံပုရာသီးသည် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး သံပုရာဖျော်ရည်နှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစားသုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့်တောင်သူများတွင်သာမက စားသုံးသူများအတွက်လည်းအကျိုးပြုသည့် သီးပင်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)