မကွေး မတ် ၂၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာအဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရရဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသူများဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ / တာဝန်ခံ မှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်ဖြစ်သလို အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ ပုံရိပ်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ အဂတိ ကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနဲ့ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရာမှာ တားဆီးကာကွယ်ရေး ကဏ္ဍအနေနဲ့ အသိပညာပေးရေး လုပ်ငန်းများကို ကဏ္ဍစုံ၊ ထောင့်စုံမှ ကျယ်ပြန့်စွာ ဆောင်ရွက်နေတယ်လို့ သိရှိရပါကြောင်းနှင့် ယခုလို တိုင်းဒေသကြီးတွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာနဲ့ လိုက်လံကျင်းပပေးနေတာကိုလည်း ကြိုဆိုပါကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ကလည်း ယခုအခမ်းအနားမှ ရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင်ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ကလည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်းပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး (CPU) ရဲ့ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)\