သာယာဝတီမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများစတင်ကျင်းပ

သာယာဝတီ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာဖြေဌာနအသီးသီးတွင် မတ်လ ၂၈ ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတော်ရှိ သာယာဝတီစာဖြေဌာနတွင် ပထမနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ဘာသာရပ်ကို သံဃာတော် (၈၂)ပါး၊ သီလရှင် (၄)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို ဧပြီ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ထို့အတူ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် စာဖြေသံဃာနှင့် သီလရှင် (၇၄)ပါးရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)