လှိုင်းဘွဲ မတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က လူငယ်များ၊ အမျိုးသမီးငယ်များ အနေဖြင့် မိမိတို့၏ဘဝကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်သည့် အလေ့အကျင့်များကိုလည်း မွေးမြူတတ်စေရန်နှင့် စာပေ၏ တန်ဖိုး၊ စာဖတ်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကေခိုင်နှင့် အဖွဲ့ဝင်များက အမျိုးသမီးရေးရာအဖွဲ့၏ မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အမျိုးသမီးများ ရယူနိုင်မှုဆိုင်ရာ အခွင့်အရေးများ၊ အမျိုး သမီးများအပေါ် အကြမ်းဖက်မှု ပြဿနာများ၊ ဖြစ်ပွားနေမှုများ၊ ကျား/မ တန်းတူ ညီမျှမှုရှိစေရေး မူဝါဒများ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်စေမှု၊ ဥပဒေများ၊ လုပ်ငန်းစဉ် များ၊ တုန့်ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့် အခွင့်အလမ်း အလုပ်အကိုင်များ ရှာဖွေရေးဆောင်ရွက်မှုများ၊ အရေးယူနိုင်မည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေများနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်၍ သိရှိလိုသော အကြောင်းအရာများကို အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)