ဝါးခယ်မ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က (၉၅)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်၊ မြို့မလမ်းရှိ မြတ်စွယ်တော်ကျောင်းတိုက်တွင် (၉၅)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို နမော်တဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ၎င်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ (၅)ပါးသီလခံယူခြင်း၊ ဆရာတော်သံဃာတော်ကြီးများမှ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ သိကြားဒေဝါ နတ်ဗြဟ္မာတို့အားပြန်လည်ပို့ဆောင်ခြင်း၊ (၉၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် အပူဇော်ခံလျက်ရှိသော အတုလဗုဒ္ဓမဟာ စွယ်တော်မြတ်အား ယာယီကိန်းဝပ်ရာ ရွှေကျောင်းတော်ပေါ်မှ ဂန္ဓကုဋိတိုက်တော်သို့ နာယကဆရာတော်ကြီးများ၊ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြတ်စွယ်တော်ဂေါ်ပကအဖွဲ့များမှ ပြန်လည်ပင့်ဆောင်ခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
(၉၅)ကြိမ်မြောက် အတုလဗုဒ္ဓမဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်အား မတ်လ ၂၁ မှ ၂၈ ရက်ထိ ကျင်းပလျက်ရှိရာဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)