မြဝတီ မတ် ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ကြရာတွင် ယာဉ်စည်းကမ်း သိရှိလိုက်နာပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီတွင် အမှတ် (၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး ဝန်ထမ်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ဟောပြောပေးသည်။
ဦးစွာ မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားပေးပြီး အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ ငါးရပ်တွင် ပါဝင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့် အချက်များ၊ နေ့စဉ်ခရီးသွား လုပ်သားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုရမည့် လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်ရာ အချက်များ၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက် သေစာသောက်စား မောင်းနှင်ခြင်း မပြုကြရေး၊ မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်း ကန့်သတ်ချက်များနှင့် မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိစေရန် ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးကာ ကော်မတီရုံး ဝန်ထမ်းများက သိရှိလိုသည့် အချက်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူက ဖြည့်စွက်ရှင်းလင်းပေးပြီးနောက် မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။
အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန် ရှိသူထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)