လပွတ္တာမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိ သူများစစ်ဆေး

လပွတ္တာ မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရေပေါ်ဈေး အတွင်း၌ ရောင်းချသည့် စားသောက်ကုန် ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင်ကုန်စုံဆိုင်များ၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များရှိ စားသောက်ကုန်ပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် လပွတ္တာ မြို့နယ် ၊ အမှတ် (၆) ရပ်ကွက်ရှိ ရေပေါ်ဈေး အတွင်းရှိ စားသောက်ကုန် အရောင်းဆိုင်များတွင် ရောင်းချနေသော အသင့်ဖျော်ကော်ဖီမစ် အမျိုးမျိုးတွင်သတ်မှတ် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံပါဝင်ခြင်း ရှိ/ မရှိ၊ ကျန်းမာရေး နှင့်ကိုက်ညီခြင်း ရှိ/ မရှိ တို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးမြင့်ဌေးက စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးအတွက် အသိပညာပေးအကြောင်း အရာများကို ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြား ခဲ့ကြောင်း သိရသည်။

မူမူ (ပြန်/ဆက်)