မုံရွာ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးလူငယ်များ တစ်ဦးချင်းနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျသင့်တော်မှုရှိစွာဖြင့် တိုက်ရိုက်ပံ့ပိုးကူညီခြင်း၊ ညွှန်းပို့လွှဲပြောင်းခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားပြီး ဒေါ်မြမြထွေးက အသိပညာပေးသင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် စပ်လျဥ်းပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာကော်မတီဝင်များဖြစ်သည့် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ ကြက်ခြေနီအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော အသိပညာရပ်ပေါင်းများစွာကို အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပို့ချပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသည့် အကြောင်းအရာ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)