ကျွန်းစုမြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကျင်းပ

ကျွန်းစု မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကို ​ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား/သူ လူငယ်များ စာကြည့်တိုက်ကို အားကိုးအားထား ပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေး၊ ကျောင်းစာကြည့်တိုက်လုပ်ငန်းများကို  စနစ်တကျ ဆောင်ရွက်တတ်စေရေး ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က စာအုပ်များ စုဆောင်းခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် မှတ်သားခြင်း၊ ထားသိုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ငှားရမ်းခြင်း နည်းစနစ်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ကျောင်းအုပ်များနှင့် စာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမ (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

ထက်မြင့် (ကျွန်းစု)