စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားတက်ရောက်

မုံရွာ မတ် ၂၉

(၇၉)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးသည် ရေသယံဇာတ၊ မြေသယံဇာတ ပေါကြွယ်ဝပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများ တည်ရှိနေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအားလုံးတွင် ဒုတိယအကျယ်ဆုံး တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့်လည်း သီးနှံမျိုးစုံ ဖြစ်ထွန်း ရာ တိုင်းဒေသကြီးတစ်ခုဖြစ်တာကြောင့် စိုက်ပျိုးရေးကဏ္ဍတွင်လည်း အားထားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ကြိုးစားဆောင်ရွက်နေ သကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကသီးနှံ(၁၀)မျိုးတွင် ပါဝင်သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း သီးနှံမျိုးစုံစိုက်ပျိုးနိုင်ရေးအတွက် ရေလိုအပ်ချက်အား လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်ရေး ဆည်မြောင်းတာတမံများ တည်ဆောက်ပေးခြင်း၊ ယခင်သမားရိုးကျ စိုက်ပျိုးနေသည့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်ပြောင်းလဲနိုင်ရေး ခေတ်မီ စက်ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ သီးနှံအလိုက် မျိုးကောင်း၊မျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေးအထွက်နှုန်းကောင်းမွန်သည့် မျိုးများဖြန့်ဖြူးခြင်း၊ တောင်သူများ လိုအပ် သည့် စိုက်ပျိုးရေးသွင်းအားစုများ လွယ်ကူစွာရရှိသုံးစွဲနိုင်ရေး ကူညီပေးခြင်း၊ ယခင်တစ်သီးစား မှသည် ယခုအခါနှစ်သီးစား၊ သုံးသီးစားအထိ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းစသည့် ကဏ္ဍ များကိုလည်း စွမ်းအားရှိသ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏  စိုက်ပျိုးရေးစွမ်းအားမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် သီးနှံများပန်းတိုင်အထွက် နှုန်းရရှိရေး၊ စိုက်ဧကလျာထားချက်များ ပြည့်မီရေးအတွက် တက်ရောက်လာသည့်ဌာနများမှ ဟန်ချက်ညီညီဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးဆွေးနွေးပွဲ၊ ပြပွဲအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက Drum Seeder များ ထောက်ပံ့ပေးအပ်ရခြင်းအား လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက မြန်မာ့ဆန်ပို့ကုန်ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအားလည်းကောင်း၊ ကောလင်းခရိုင်၊ စိုက်ပျိုရေးဦးစီးမှူးက ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအား လည်းကောင်း၊ စိုက်ပျိုးရေးပညာရှင် ဦးအေးပိုက ပဲမျိုးစုံပန်းတိုင်အထွက်နှုန်းရရှိရေး အခြေခံလိုအပ်ချက်များ အားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက တောင်သူနည်းပြပညာပေးမှုမြှင့်တင်ရေး မီဒီယာ၏အခန်းကဏ္ဍအား လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း ကျင်းပပြုလုပ်သော မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်သို့ Drum Seeder များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၄၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဘုတလင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက် အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီးက ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ယင်းမာပင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၄၀ လက်အားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပုလဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ဆားလင်းကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ကနီ မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးထံ Drum Seeder ၂၀ လက်အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် Drum Seeder အလက် ၂၀၀၀ (နှစ်ထောင်)ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဒေသခံတောင်များထံ ရွက်ဖျန်းမြေဩဇာ၊ ဝါမျိုးစေ့၊ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန ပြခန်းများ၊ တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ လက်တွန်းထွန်စက်၊ လက်တွန်းမြေဖွစက်များနှင့် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic)၊ ပျိုးဥယျာဉ် (Nursery Farm)၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)