ငပုတော မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအား မွေးမြူရေးအလေ့အကျင့်ကောင်းများရရှိစေရေး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ရည်ရွယ်၍အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ခွေးရူးရောဂါ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပုသိမ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းဆွေဦးက ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် အသက်ဆုံးရှုံးနိုင်သည့် ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံရသော တိရစ္ဆာန်များကတစ်ဆင့် လူများသို့အများဆုံး ကူးစက်ခံရခြင်းဖြစ်ပြီး ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ကြောင်းနှင့် တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါ မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေသောခွေးတွင် တွေ့ရနိုင်သည့် လက္ခဏာများ၊ သတိထားလိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)