ပခုက္ကူမြို့နယ်၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း‌ ဖွင့်လှစ်ပို့ချ

ပခုက္ကူ မတ် ၂၈

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မတ်လ ၂၅ ရက်မှစတင်ပြီး ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ထိုသို့ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချရာတွင် ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း‌ ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမ(၅၆၉)ဦး၊ အလယ်တန်းကျောင်းအုပ်နှင့် ဆရာ၊ ဆရာမ(၂၆၅)ဦး၊ အထက်တန်းကျောင်းအုပ်နှင့် ဆရာ၊ ဆရာမ(၁၅၄)ဦး၊ စုစုပေါင်း(၉၈၈)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ(၈၃)တို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဂီတ၊ ကာယ၊ ပန်းချီ၊ ဘဝအတွက် ကျွမ်းကျင်စရာဘာသာရပ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြား‌ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ သင်ကြားရေးနှင့်‌ လက်တွေ့‌ဆောင်ရွက်မှုပိုင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရေး၊ ကျောင်သား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊   ဘာသာရပ်ဆိုင်ရာကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်နှင့် တွေးခေါ်မြော်မြင်နိုင်မှုစွမ်းရည်တို့ကို ဖော်ပြပေးသော စစ်ဆေးတိုင်းတာမှုဖြစ်စေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)