ကျောက်တံခါးမြို့နယ်တွင် မဲပုံး၊ မဲစာရင်းနှင့် မဲလက်မှတ်များ မဲရုံသုံးပစ္စည်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများထုတ်ပေး

ကျောက်တံခါး နိုဝင်ဘာ ၅

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲပုံး၊ မဲစာရင်း၊ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများကို    ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ထုတ်ပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၄၆)အုပ်စု ရှိပြီး၊ မဲရုံပေါင်း (၂၁၁)ရုံ ရှိသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ နောက်ဆုံးစာရင်း အတည် ပြုချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်း(၂၀၂၄၀၈)ဦးရှိကြောင်း သိရပြီး နိုဝင်ဘာလ(၈) ရက်နေ့တွင် ဆန္ဒမဲလာရောက်ပေးမည့်သူများအတွက် နှာခေါင်းစည်းများ ဖြန့်ဝေနိုင်ရေးနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများ၊ မဲရုံအတွက် ကူညီပံ့ပိုးဆောင်ရွက်သူများ၊ လုံခြုံရေးတာဝန်ကျသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(၁၆၆၄၁၇၃)ခု၊ လက်အိတ် (၁၄၂၁၈)ခု၊ မျက်နှာဖုံးအကာ(၁၀၅၅)ခု၊ ခွဲစိတ်ခန်းသုံးလက်အိပ်(၁၀၅၅)ခု၊ PPE ကာဘာ (၁၀၅၅)ခု၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (၁၀၅၅)ခု၊ ဖိနပ် (၁၀၅၅)တို့အား ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများထံ အသီးသီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)