ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ဘားအံ မတ် ၂၉

ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရေး ၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို မတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ကရင်ပြည်နယ်အသင်း ဝင်ရောက် ယှဉ်ပြိုင်ရန်နှင့် အောင်မြင်မှု ရရှိနိုင်ရန် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး မိမိတို့မြို့နယ်၊ မိမိတို့အသင်း အောင်မြင်မှု ရရှိနိုင်ရန်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ အားကစားသမားကောင်း ပီသစွာဖြင့် ပိုက်ကျော်ခြင်းအားကစားနည်း ဥပဒေဘောင်အတွင်းမှ ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းမှာကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ကြာအင်းဆိပ်ကြီးအသင်းနှင့် ဖာပွန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကြာအင်းဆိပ်ကြီးအသင်းက ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၊ မြို့နယ် သံဃနာယကအဖွဲ့များနှင့် အထူးကြီးကြပ်ဆရာ တော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငွေကျပ် (၃၀) သိန်းကို ဥပသကာများထံ ပေးအပ်လှူဒါန်းကာ သံဃာတော်များ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံစာဖြေဌာနတွင် ဓမ္မစရိယစာမေးပွဲကို သံဃာ၊ သီလရှင် စုစုပေါင်း ၁၄၀ ပါး ဝင်ရောက်ဖြေဆိုပြီး မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ လည်းကောင်း၊ ပထမပြန်စာမေးပွဲကို သံဃာ၊ သီလရှင် စုစုပေါင်း ၈၉၆ ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဟု ပြည်နယ်သာသနာရေးဦးစီးဌာနမှ သိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မစရိယ စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာ၊ သီလရှင်များအား လှည့်လည့်ကြည့်ရှု ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီ(၇)ခုသို့ အမှိုက်အိမ်နှင့် အမှိုက်ပုံးကြီးများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့တစ်ဖွဲ့ကို အမှိုက်အိမ်တစ်ခုစီနှင့် အမှိုက်ပုံးကြီး(၃)ပုံးစီ လှူဒါန်းပေးသွားမည်ဖြစ်ပြီး အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ရန်ဟူ၍ ခွဲခြားစွန့်ပစ်နိုင်ရန်ဖြစ်ကာ ခရီးသွားဧည့်သည်များအတွက် အမှိုက်များ ခွဲခြားစွန့်ပစ်တတ်သည့် စနစ်ကိုလည်း အသိပညာပေးသကဲ့သို့ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီများသို့ ငွေကျပ် ၃၉ သိန်း ၉ သောင်းတန်ဖိုးရှိ အမှိုက်အိမ်၊ အမှိုက်ပုံးများ လွှဲပြောင်း ပေးအပ်ပြီး ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)