လိပ်သိုဒေသရှိ ကျေးရွာများ၌ ကျွဲ၊ နွား များအား လည်ချောင်းကွဲ ကာကွယ်ဆေးများ ထိုးပေးလျက်ရှိ

လိပ်သို နို၀င်ဘာ

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံရခြင်းမှာ မြို့အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းဖြင့် ဒေသခံပြည်သူများ  မိသားစု၀င်ငွေတိုးပွားကာ  ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့အတွင်း ကွင်းဆင်းထိုးနှံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများ  မွေးမြူ ထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များအား ရာသီအလိုက် ဖြစ်ပွားတတ်သည့်  လည်ချောင်းကွဲ ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း မွေးမြူရေးလုပ်ငန်းများဆိုင်ရာ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်လို့ လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ဒေါက်တာ နော်ဂလယ်ဂေထူးထံမှ သိရသည်။

ထို့ပြင် ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော  လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ပေး နိုင်ရေး လိပ်သိုဒေသအတွင်းအရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသိပေးအကြောင်းကြားထားပြီးဖြစ်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)