မင်းဘူး မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို အ.ထ.က (၁) နှင့် အ.ထ. က (၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းနှင့် ဆွေးနွေးပွဲများကို မူလတန်းဆင့် သင်တန်းသား၊ သင်တန်းသူ (၃၀၃) ဦးတို့အား သင်တန်းနည်းပြဆရာ (၃၀) ဦးဖြင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ အလယ်တန်းဆင့် သင်တန်းသား၊ သင်တန်းသူ (၇၅၃) ဦးအား သင်တန်းနည်းပြဆရာ (၅၅) ဦးဖြင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် နည်းပြဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများကိုနံနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)