မြိတ် မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းစာကြည့်တိုက်လုပ်ငန်းများ တိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောင်းစာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား/သူ လူငယ်များ စာကြည့်တိုက် ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရေး၊ ကျောင်းစာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရေး ရည်ရွယ်ချက်များ ဖြင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါခိုင် ကျောင်းစာကြည့်တိုက်လုပ်ငန်း အောင်မြင်ရေး၊ စာကြည့်တိုက်လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ စာကြည့် တိုက်မှူး၏ အရည်အချင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များတွင် စာကြည့်တိုက်လုပ်ငန်းနှင့်အညီ စာကြည့်တိုက်ရှိ စာအုပ်များ မျိုးတူစုစာရင်း ရေးသွင်းနည်း၊ သုတ/ရသ တိုက်ပိုင်စာရင်းပြုလုပ်နည်း၊ စာငှားလုပ်ငန်းများကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ဆရာ/မ(၄၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)