လှိုင်းဘွဲမြို့နယ်တွင် ဒေသနေလူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဦးဆောင်၍ စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ  မတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသနေပြည်သူများ စာပေမှရရှိလာမည့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဦးဆောင်၍ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ မေတ္တာရှင် (ရွှေပြည်သာ)ရေးသားထားသည့် ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က စာပေဗဟုသုတများသည် လူသားတို့အတွက် ယဉ်ကျေးလိမ္မာခြင်း၊ ကောင်းမွန်သော စိတ်ထားများကို ပြုပြင်ပြောင်းလဲခြင်းနှင့်ဘဝအောင်မြင်ရေးအတွက် လိုအပ်သော အရာတစ်ခုဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အကျင့်များမွေးမြူပြီး အနာဂတ်တွင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာစေရန် မုချဧကန်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ မေတ္တာရှင် (ရွှေပြည်သာ)ရေးသားထားသော ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ စာအုပ်ထဲမှ အတုယူစရာ၊ စိတ်ခွန်အားရစရာ ရရှိစေမည့် ကိုယ့်ဒူးကိုယ်ချွန် နော်မြသန်း၊ စိတ်အားထက်သန်သော နော်မြသန်း၊ အချိန်ကို အသုံးချတတ်သော နော်မြသန်း အပါအဝင် လူလေးမျိုး၊ ဥစ္စာလေးမျိုး၊ နတ်ထက်သာသောလူ၊ ဆင်းရဲရခြင်းအကြောင်း (၅)ပါး၊ ချွေတာခြင်းနှင့်ချမ်းသာခြင်း၊ မဖြစ်နိုင်တာမရှိ၊ ကြိုးစားဖို့သာ အဓိကပါအကြောင်း  အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာအုပ်ကို စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် နော်မြသန်း၏ အတုယူစရာစိတ်ထားများ၊ ကြိုးစားအားထုတ်မှုများ၊ ဇွဲသတ္တိနှင့် ယုံကြည်ချက်ခိုင်မာမှု၊ ကုသိုလ်ကံကို စိတ်ချလက်ချ ယုံကြည်ပြီး စွန့်စားသော၊ ပေးကမ်းလှူဒါန်းသော စေတနာများကို သိရှိနိုင်မည့်အပြင် အကြောင်းအရာ တစ်ခုခု၊ ဆုံးရှုံးမှုတစ်ခုခု၊ အလုပ်တစ်ခုခုအတွက် ရှေ့ဆက်ဖို့ခက်ခဲနေသောအခါနှင့် စိတ်ပျက်အားငယ်သည့် အခါ ယုံကြည်မှုရှိလာအောင်ရေးဖွဲ့ထားသော လူလေးမျိုး၊ ဥစ္စာလေးမျိုး၊ ဇွဲရှင်ပုလဲပုရင်၊ မဖြစ်နိုင်တာမရှိ၊ ကြိုးစားဖို့သာ အဓိက စသည့် ပုံပြင်များနှင့်ဆောင်းပါးများကို ဖတ်ရှုပြီး စိတ်ခွန်းအားများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)