ဇီးကုန်း နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများမီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ် မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၄ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲရုံများမီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ မဲရုံမှူးများနှင့် တာဝန်ရှိသူများက မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း၊ ရပ်ကွက်ကျေးရွာများတွင် မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ခု၌ မဲရုံ ၉ ရုံဖွင့်လှစ်၍ တစ်မြို့နယ်လုံးတွင် မဲရုံပေါင်း (၅၅)ရုံဖွင့်လှစ်ပြီး ပြည်သူများဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)