ဒေးဒရဲမြို့၌ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒေးဒရဲ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအား မွေးမြူရေးအလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ လှိုင်ဘုန်းမြင့်က ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့် အသက်ဆုံးရှုံးနိုင်သည့် ရောဂါဖြစ်ပြီး ရောဂါကူးစက်ခံ ရသော တိရစ္ဆာန်များကတစ်ဆင့် လူများသို့ အများဆုံး ကူးစက်ခံရခြင်းဖြစ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ကြောင်းနှင့် တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေသောခွေးတွင် တွေ့ရနိုင်သည့် လက္ခဏာများ၊ သတိထားလိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းခြင်းများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းအပြင် မွေးမြူရေးနှင့် အိမ်မွေးတိရစ္ဆာန်များအား အခမဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများအရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း