လိပ်သို မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ယခင်နှစ်ကာလများစွာက တပင်တိုင်ဝါးမျိုးများကို စိုက်ပျိုးမှုများမရှိခဲ့သော်လည်း ယခုအခါ သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသခံများသည် ဒေသတွင်း သဘာ၀အလျောက် များပြားစွာပေါက်ရောက်လျက်ရှိသော ဝါးမျိုးများကိုသာ ခုတ်ယူအသုံးပြုပြီး ဟင်းလျာနှင့်အပိုဝင်ငွေရရှိရန် မျှစ်များ ချိုးယူရောင်းချခဲ့ကြသည်။
ယခုအခါ အိုးအိမ်များဆောက်လုပ်ရာတွင်လည်းကောင်း၊ အခြားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ သစ်များရှားပါးလာပြီး ဈေးနှုန်းကြီးမြင့်လာခြင်း၊ တပင်တိုင်ဝါးမျိုး၏တာရှည်ခံမှု၊ သုံးစွဲရန်လွယ်ကူမှု စသည့် အရည်အသွေးကောင်းမွန်မှုများကို သိရှိလာကြခြင်း၊ ကျေးလက်နှင့်မြို့များတွင်ပါ အသုံးပြုသူများပြားလာခြင်း၊ ကားကြီးများဖြင့် ဝယ်ယူမှုများနှစ်စဉ်တိုးပွားလာခြင်း၊ တပင်တိုင်ဝါးတန်ဖိုးမြင့်တက်လာခြင်း၊ စီးပွားဖြစ်စိုက်ပျိုးရောင်းချရန် လွယ်ကူခြင်းတို့ကြောင့် ယခင်ကဒေသအတွင်းတွင် စိုက်ပျိုးမှုနည်းပါးခဲ့သော တပင်တိုင်ဝါးမျိုးများကို ဒေသခံများက မိမိတို့အသုံးပြုရန်နှင့် စီးပွားဖြစ်ပြန်လည်ရောင်းချနိုင်ရန် မိမိတို့၏အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)