ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်

ကန်ကြီးထောင့် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲ အခမ်းအနားများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယ‌မန်နေ့ နေ့လယ်(၁၁)နာရီအချိန်က ဒါးကကျေးရွာအုပ်စု၊ မြို့မ (အ.ထ.က) စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဟောပြာပွဲဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ပြည်သူများ သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာကိစ္စရပ်များ၊ စစ်မှုထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ တိတိကျကျ စာကင်းကောက်ယူရေး၊  စောလျင်စွာ တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသူအား ဦးစားပေးရွေးချယ်ရေး၊ စစ်မှုထမ်းရန် အကျုံးဝင်သူများ စာရင်းပြုစုကာ မြို့နယ်ဆင့်ခေါ်ရေး အဖွဲ့ထံတင်ပြ၍ မှတ်ပုံတင်စာရင်းသွင်းခြင်းများ အဆက်မပြတ် ဆောင်ရွက်ရေး၊ စစ်မှုထမ်းရန် အကျုံးဝင်သူ အားလုံး တပြိုင်တည်း တာဝန်ထမ်းဆောင်ရန်မလိုဘဲ လိုအပ်သလောက်သာ နှစ်အလိုက် အလှည့်ကျ ပါဝင်ရေးနှင့် ကောလာဟလသတင်းမှားများ မယုံကြည်ရေး အစရှိသည်များအား ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက်  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျေးရွာနေ ပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)