မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဆောင်းရာသီက စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများကို နေ့စားအလုပ်သမားများကို ငှားရမ်း၍ ရိတ်သိမ်းခြွေလှေ့ကြသဖြင့် ကျေးရွာများရှိ ဆောင်းသီးနှံရိတ်သိမ်းခြွေလှေ့ အငှားလိုက်သည့် ဒေသခံပြည်သူများ နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဒေသမှာ ဆောင်းရာသီက စိုက်ပျိုးခဲ့တဲ့ ကုလားပဲ၊ မတ်ပဲ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲယင်း၊ ပဲလွမ်း၊ စားတော်ပဲ စတဲ့ သီးနှံစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့ချိန်ဖြစ်ပါတယ်။ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးနဲ့ အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်းသီးနှံစိုက်ခင်းတွေကို နေ့စားအလုပ်သမားများ ငှားရမ်းပြီးတော့ ရိတ်သိမ်းခြွေလှေ့ရပါတယ်။ အလုပ်သမားငှားရမ်းခကတော့ တစ်ရက်ကို ငွေကျပ် ၁၀၀၀၀ နှုန်း ပေးရပါတယ်။ ရိတ်သိမ်းခြွေလှေ့ပြီးတဲ့ သီးနှံများကို သန့်စင်အောင် ပဲရွေးပဲသန့်ခြင်းအတွက်က အမျိုးသမီးတစ်ဦးကို ငွေကျပ် ၈၀၀၀ နှုန်း ပေးရပါတယ်။ ဒီနှစ်က ဆောင်းသီးနှံစိုက်ခင်းတွေက ပိုးမွှားကျရောက်မှုမရှိတဲ့အတွက် ယခင်နှစ်တွေကထက် သီးနှံအထွက်နှုန်းလဲ ကောင်းတယ်။ ဒါ့အပြင် ရောင်းချရာမှာလဲ ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုရတော့ တောင်သူတွေလည်း စီးပွားရေးအဆင်ပြေတယ်။ ယခုလို ဆောင်းသီးနှံများ ရိတ်သိမ်းခြွေလှေ့အငှားလိုက်တဲ့ ဒေသခံပြည်သူတွေလည်း နေ့စဉ်ဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်ပြီး မြေပဲ ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဖူးစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံစုံ၊ ကျွဲနွားတိရစ္ဆာန်အစာပင်နှင့် အခြား ဟင်းသီးဟင်းရွက်နှင့် အထွေထွေစားသုံးသီးနှံများအပါအဝင် စုစုပေါင်း ဆောင်းသီးနှံစိုက်ဧက ၇၅၄၇၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၁၀၆၀၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)