ပိုင်ကျုံ မတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ပထမဆုံးနွားကလေးများမွေးမြူရာတွင် အသက်အရွယ်အားဖြင့် နှစ်နှစ်မှနှစ်ခွဲအရွယ်ရောက်သော် နွားများသားသန္ဓေစတည်တတ်ကြောင်း၊ သားမွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာ တစ်နှစ်မှနှစ်နှစ်အထိ ကြာမြင့်တတ်ကြောင်း၊ နွားမွေးမြူရေးသည် အဓိကကျသော ကျွေးမွေးစရိတ်သက်သာကာ အစာဖိုးသီးသန့်မကုန်ကြောင်း၊ ယခုနှစ်တွင် နွားများစျေး အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ပါးကြောင်း၊ နွားများမွေးမြူခြင်းကြောင့် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရာတွင် ခိုင်းနွားအဖြစ်သုံးလို့ရသလို လယ်ယာမြေနှင့်ကောက်ပဲသီးနှံ ကောင်းမွန်စေရေးအတွက်လိုအပ်သည့် သဘာဝမြေသြဇာများလည်းရရှိကြောင်း၊ ကုန်စျေးနှုန်း မြှင့်တက်သည့်အချိန်တွင် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရာ၌ အသုံးစရိတ်သက်သာစေရေးအတွက် နွားများပိုမိုမွေးမြူလာသင့်ကြောင်း တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူအများစုသည် နွားမွေးမြူရေးလုပ်ငန်းများကို မိုးတွင်း ကာလတွင်သာ ကျောင်းသည့်အလေ့အထရှိပြီး ဆောင်းရာသီနှင့်နွေရာသီတွင် လွတ်ကျောင်းသည့် အလေ့အထရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)