တောင်ငူ နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်းရှိ မဲရုံများ၊ ယာယီမဲရုံများတွင် ဆန္ဒမဲလာ ရောက်ပေးကြမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက စတင်ကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် မဲရုံများ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မဲရုံအတွင်း အခင်းအကျင်းများ သက်မှတ်နေရာများအလိုက် စနစ်တကျရှိစေရေးတို့ကို မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံတာဝန် ကျ ဝန်ထမ်းများနှင့် တာဝန်ရှိသူ အသီးသီးက ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ အုပ်စု၌ ယာယီမဲရုံ (၁၀) ရုံအပါအဝင် မဲရုံပေါင်း ၁၉၃ ရုံထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကာ မဲဆန္ဒရှင်ဦးရေ (၁၉၀၀၀၀) ကျော်အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ သိရသည်။
ဇော်ထက် (တောင်ငူ)