သံတောင်ကြီးမြို့နယ်တွင် သက်ငယ်မုဒိမ်းကာကွယ်‌ရေးအသိပညာပေးနံရံကပ် စာစောင်ပြသ

သံတောင်ကြီး  မတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သက်ငယ်မုဒိမ်းကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် သက်ငယ်မုဒိမ်းကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီအချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နေရာမရွေး၊ အချိန်မရွေး၌ မည်သူမဆို ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်နိုင်ကြောင်း အသိပညာပေးရန်၊ ကလေးသူငယ်များအား တစ်ယောက်တည်း အဖော်မပါဘဲပြင်ပသို့မလွှတ်ရန်၊ ကလေးသူငယ်၏ ထိတွေ့ကိုင်တွယ်ရန် မသင့်လျော်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းအား တစ်စုံတစ်ဦးမှ ကိုင်တွယ်ခြင်း၊ မလျော်မကန်ပြုမှုခြင်းဆောင်ရွက်လာပါက ငြင်းဆန်ရန်၊ အော်ဟစ်အကူအညီတောင်းရန်၊ ထွက်ပြေးရန်နှင့်ယုံကြည်ရသူတစ်ဦးဦးအား ပြောပြတိုင်ကြားရန်၊ သက်ငယ်မုဒိမ်းများမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများ အားပြသပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ