စစ်ကိုင်တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သည် အထင်ကရ မြို့တစ်မြို့ဖြစ်ပြီး လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးလျက်ရှိသည့် မြို့ပင်ဖြစ်ပါသည်။ သို့ဖြစ်သည်အလျောက် စစ်ကိုင်းမြို့တွင် အသေးစား လက်မှုအတတ်ပညာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကြိမ်ထည်လုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း၊ မြေအိုးလုပ်ငန်းများ ဖြင့်ထင်ပေါ်ကျော်ကြားသည့်အပြင် စစ်ကိုင်းမြို့၏အထင်ကရလုပ်ငန်းဖြစ်သည့် ဂစ်တာလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
အဆိုပါ ဂစ်တာလုပ်ကိုင်ခြင်းလက်မှုအတတ်ပညာဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေး လုပ်ဆောင်နေသည့် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်မှ ဂစ်တာများပြုလုပ်ကာ ရောင်းချနေလျက်ရှိသော လုပ်ငန်းပိုင်ရှင် ဦးဇော်မင်းနှင့် တွေ့ဆုံမေးမြန်းချက်များကိုရေးသားဖော်ပြလိုက်ရပါသည်။
မေး။ ဆရာ့အမည်နှင့် လုပ်ငန်း အမည်လေး သိပါရစေ။
ဖြေ။ ကျွန်တော့အမည်က ဦးဇော်မင်းဖြစ်ပါတယ်၊ ဂစ်တာလုပ်ငန်းကိုတော့ “မိုးမင်း” အမည်နှင့် လုပ်ကိုင်နေလျက်ရှိပါတယ်။
မေး။ ဂစ်တာလုပ်ငန်းကို ဘယ်အချိန်လောက်က စတင်လုပ်ကိုင်ခဲ့ပါသလဲ။
ဖြေ။ ဂစ်တာလုပ်ငန်းကိုတော့ (၁၉၈၉)ခုနှစ်ကထဲက စတင်လုပ်ကိုင်ခဲ့တာဆိုတော့ ယခုဆိုရင် (၃၅)နှစ်လောက်ရှိပါပြီ။
မေး။ ဂစ်တာလုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းအနေဖြင့် ဘာတွေကိုအဓိကထား အသုံးပြုရ ပါသလဲ။
ဖြေ။ အဓိက ကုန်ကြမ်းအနေနဲ့ကတော့ သစ်သားပေါ့၊ အထပ်သား၊ နောက်ပြီးအသားမာတွေဖြစ်တဲ့ ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သစ်ဝံနှင့် ထင်းရှူးသားတို့ကို အသုံးပြုတာဖြစ်ပါတယ်။
မေး၊၊ လိုအပ်တဲ့ အသားတွေကိုရော ဘယ်ကနေဝယ်ယူရပါသလဲ၊ ဝယ်ရတာရေ အဆင်ပြေမှုရှိပါ သလား။
ဖြေ။ လိုအပ်တဲ့ အသားတွေကိုတော့ ကျောက်ဆည်မှာရှိတဲ့ အထပ်သားစက်ရုံတွေကနေ ဝယ်ယူ ရရှိပါတယ်၊ ဝယ်ယူရတာလည်း အဆင်ပြေမှုရှိပါတယ်။
မေး။ ဂစ်တာအမျိုးအစား ဘယ်နှစ်မျိုးလောက်ထုတ်လုပ်ပါသလဲ။
ဖြေ။ ဂစ်တာအမျိုးအစားကတော့ (၅)မျိုးလောက်ထုတ်လုပ်လျက်ရှိပါတယ်၊ အဲဒါတွေကတော့ ကလေးတီး၊ လူကြီးတီး၊ သင်တန်းကျောင်းတွေကမှာတဲ့ ကလေးတီးသာသာ(ချစ်စမ်းမောင် ဒီဇိုင်း) အဲဒီအမျိုးအစားကတော့ လူလတ်ပိုင်းလည်း တီးလို့ရပါတယ်၊ နောက်ဂစ်တာအိုးကြီး၊ နိုင်ငံခြားအဆင့်မီ စျေးအမြင့်ဆုံးဖြစ်တဲ့ဂစ်တာတွေလဲ လုပ်ပါတယ်။
မေး။ အခုလက်ရှိ ဂစ်တာလုပ်ငန်းလုပ်ကိုင်ရာမှာ အလုပ်သမား ဘယ်နှစ်ယောက်လောက်ရှိပါသလဲ။
ဖြေ။ လက်ရှိလုပ်ကိုင်နေတာကတော့ အလုပ်သမား အယောက်(၂၀)ရှိပါတယ်၊ ဒေသခံတွေပါပဲ၊ ပညာသင်လုပ်ကိုင်ရင်းနှင့် ကျွမ်းကျင်လို့ ဆိုင်ခွဲသွားတဲ့လူတွေလဲရှိပါတယ်။
မေး။ ဂစ်တာအချောထည်တွေကိုတော့ ဘယ်မြို့တွေကို တင်ပို့ ရောင်းချပါသလဲ။
ဖြေ။ ထွက်ရှိလာတဲ့ ဂစ်တာအချောထည်တွေကိုတော့ မြန်မာပြည်အနှံ့ မြို့တွေကို ပို့ပေးရပါတယ်၊ တောင်ကြီးဘက်ကတော့ အများဆုံးပိုပြီးတော့ ပို့ပေးရတယ်၊ စစ်ကိုင်းမြို့ပေါ်မှာလဲ အလွယ်တကူ ဝယ်ယူလို့ရအောင်ဆိုင်ခွဲဖွင့်လှစ်ပေးထားပါတယ်။
မေး။ တစ်နေ့ကို ဘယ်နှစ်လုံးလောက်ထွက်ရှိပါသလဲ၊ ဂစ်တာစျေးကွက်အနေနဲ့ ဘယ်လိုရှိပါသလဲ။
ဖြေ။ တစ်နေ့ကိုဂစ်တာအချောထည် အလုံး(၂၀)ကနေ (၂၅)လုံးအထိ ထွက်ရှိပါတယ်။ ဈေးကွက် အနေနဲ့တော့ အမျိုးအစားပေါ်မူတည်ပြီး ကွာခြားသွားပါတယ်၊ အနိမ့်ဆုံး လေးသောင်းကျပ်ကနေ သိန်းကျော်တန်အထိ ရှိပါတယ်။ အခုအခြေအနေမှာတော့ စျေးကွက်ကစားရတာ တော်တော်လေး ခက်ပါတယ်၊ ကုန်ကြမ်းပစ္စည်းဝယ်ရတာက စျေးမြင့်ပေးဝယ်ရတယ်၊ ပြည်တွင်း ဖောက်သည်တွေ ကိုလည်း အဆင်ပြေအောင် ဒီတစ်ခေါက် စျေးမတက်နိုင်တောင်နောက်တစ်ခေါက် စျေးတက်ရတော့ မှာဖြစ်တဲ့အတွက် ညှိနှိုင်းရတာ နားလည်တဲ့ ဖောက်သည်တွေရှိသလို နည်းနည်းခက်ခဲတဲ့ ဖောက်သည်တွေလည်းရှိတယ် ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေအောင်လုပ်ကိုင် ဆောင်ရွက်သွားမှာပါ။
မေး။ လုပ်ဆောင်ရတဲ့ပစ္စည်းတွေ ဝယ်ယူရတာကြတော့ ပြည်တွင်းကပဲလား တခြားကရော ဝယ် ယူရပါသေးလား။
ဖြေ။ ကီးတွေကြတော့ တရုတ်ပြည်ကဝယ်ရပါတယ်၊ ယခင်က ကီးတစ်ဖာဆိုရင် ငွေကျပ်နှစ်သိန်းခွဲ လောက်ဝယ်ယူရပြီး ယခုကြတော့ ငွေကျပ်ခုနှစ်သိန်းလောက်ပေးဝယ်ရတယ်၊ သူတို့ဆီမှာ တော့စျေးကဒီလောက်ပါဘဲ ဒီဘက်တွေ ရောက်လာတော့ ခရီးစရိတ်တွေ တက်တာပေါ့ လေယာဉ် သင်္ဘောတွေနဲ့တင်ရတယ်၊ လမ်းပိတ်တယ်ဆိုရင်ခရီးစရိတ်တက်ပြီး လုပ်ရတာတော့ အခက်အခဲရှိပါတယ်၊ အနိမ့်ဆုံး ရောင်းရတဲ့ လေးသောင်းတန် ဂစ်တာတစ်လက်ရဲ့ ကုန်ကျစရိတ် တွက်ကြည့်လိုက်တော့ သုံးသောင်းရှစ်ထောင်ကျပ် လောက်ကျပါတယ်၊ နှစ်ထောင်လောက်ဘဲ အကျိုးအမြတ်ရတော့တာပေါ့၊ တင်ပို့ ရောင်းချရတာလဲ အနိမ့်ဆုံး ဂစ်တာတွေ အများဆုံးပို့ရပါတယ်၊ ဒါကလဲ စီးပွားရေးအခြေအနေရပေါ့လေ။
မေး။ ဂစ်တာတစ်လုံးကို လူတစ်ယောက် ဘယ်နှစ်ရက်လောက် လုပ်ရပါသလဲ၊ လက်မှုပညာဘဲလား အခြားအကူပစ္စည်းတွေ ပါသေးလား။
ဖြေ။ အလုပ်သမားတစ်ယောက်ထဲ ဂစ်တာတစ်လက်လုပ်မယ်ဆိုရင် တစ်ပတ်လောက်ကြာပါတယ်၊ အခုကျွန်တော်တို့က အများစုနဲ့လုပ်တာဆိုတော့ တစ်ရက် နှစ်ရက်ဆိုပြီးစီးပါတယ်၊ ယခင် ကတော့ လက်မှုပညာ သပ်သပ်ပါဘဲ အခုတော့စက်ကရိယာအကူအညီတွေပါတော့ အဆင့်မြင့်လာတဲ့ သဘောပေါ့ လုပ်ငန်းတွင်ကျယ်မှုတော့ရှိပါတယ်၊ နိုင်ငံခြားစတိုင်ပေါ့လေ တစ်ယောက်တည်း မလုပ်ရတော့ဘဲ သူ့အပိုင်းနဲ့သူ အဆင့်ဆင့်ပေါ့ ပိုပြီးတော့လည်း အရည်အသွေးတွေ ကောင်းလာပါတယ်၊ ထုတ်လုပ်မှုလည်း ပိုပြီးတော့ စနစ်တစ်ကျ သေသပ်မှုရှိပြီး မြန်ဆန်လာပါတယ်၊ အခြားနိုင်ငံများနဲ့ တန်းတူထုတ်လုပ်လာနိုင်ပါတယ်။
မေး။ ဂစ်တာလုပ်ငန်းနဲ့ ပတ်သက်ပြီး ချေးငွေရရှိမှု အခြေအနေရှိခဲ့ရင် သိပါရစေ။
ဖြေ။ ချေးငွေအနေနဲ့တော့ ယခင်က ကိုဗစ်ချေးငွေ ကျပ်သိန်း(၅၀)ရရှိပါတယ်၊ အဲဒီချေးငွေက ယခုထိတော့ မကောက်သေးဘူးဗျ၊ သို့သော်သတ်မှတ်စည်းကမ်းအတိုင်း တစ်နှစ်ကို တစ်ကျပ်အတိုး နှုန်းနဲ့ အတိုးသွင်းရတာတော့ရှိပါတယ်၊ MSME လုပ်ငန်းချေးငွေကျတော့ အဆင်မပြေသေးဘူးဗျ ဘာလို့လဲဆိုတော့ အာမခံတွေပေးရတာ၊ ပိုင်ဆိုင်မှုတွေပြရတာ၊ နောက်ဂရန်ရှိမှ ဦးပိုင်ဖြစ်မှဆိုတော့ ကျွန်တော်တို့အတွက်ကျတော့ သိပ်အဆင်မပြေဘူး၊ ကျွန်တော့်အနေနဲ့အကြံပြုချင်တာလေးကတော့ ဂရန်တွေ၊ ပိုင်ဆိုင်မှုတွေမပြဘဲ လုပ်ငန်းခွင်အိမ်အရောက် ကွင်းဆင်းလေ့လာပြီး ခိုင်မာမှုရှိတယ်ဆို ရင်တော့ ချေးငွေထုတ်ချေးပေးဖို့ အကြံပြုချင်ပါတယ်၊ အဲဒီချေးငွေလေးတွေရတော့ ကျွန်တော်တို့ လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ဆက်လက်ပြီး လုပ်ငန်းကိုတိုးချဲ့ လုပ်ကိုင်လို့ရတာပေါ့ ဒါမှလည်း ကျွန်တော်တို့ လုပ်ငန်းရှင်ရော အလုပ်သမားတွေရော အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိပြီး မိသားစု စားဝတ်နေရေး ပိုမိုအဆင်ပြေလာကြမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- နေလင်းအောင်
ဓာတ်ပုံ - ဇော်မြင့်နိုင်၊ တင်ကိုကို