မင်းလှ၌ (၅၈)ကြိမ်မြောက် မဟာစည်သာသနာ့ရိပ်သာ စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့်(၇)ရက် ဝိပဿနာတရားစခန်းပွဲကျင်းပပြုလုပ်မည်

မင်းလှ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာတွင် သာသနာထွန်းကားပြန့်ပွားရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကာလအတွင်း (၅၈)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့်(၇)ရက်ဝိပဿနာတရားစခန်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(၅၈)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြုပွဲနှင့် (၇)ရက်ဝိပဿနာတရားစခန်းပွဲကို ကျောင်းတိုက်ဆရာတော်အရှင်ဣန္နောဘာသဦးဆောင်၍ ဧပြီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ သက်သက်လွတ်ဆွမ်းဟင်းများဖြင့်သာ စီစဉ်ကျင်းပမည်ဖြစ်၍ ရပ်ကွက်/ကျေးရွာများနှင့် အနယ်နယ်အရပ်ရပ်မှ ဒုလ္လဘရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီဝတ်လိုသူများ ကြိုတင်စာရင်းပေးသွင်းထားစေလိုကြောင်း၊ နေရာအခက်အခဲမရှိစေရန်အတွက် လူဦးရေ(၅၀၀)ခန့် သာလက်ခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းပွဲကို ဆွမ်းကုသိုလ်ရှင်များ၊ အဖျော်ရည်ကုသိုလ်ရှင်များပါဝင်ကုသိုလ်ယူနိုင်ပါကြောင်း၊ နေ့စဉ်ဆွမ်းခံကြွခြင်း၊ တရားထိုင်ခြင်း၊ တရားပွဲပြုလုပ်ခြင်း၊ ဝေယျာဝစ္စဆောင်ရွက်ကြခြင်းများပြုလုပ်၍ သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ( မင်းလှ)