လိပ်သို မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောတောင်များတွင် ညောင်ချဉ်ပင်များ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိရာ နွေရာသီကာလ ညောင်ချဉ်ရွက်နုထွက်ချိန်တွင် ဟင်းလျာအတွက်နှင့် အပိုဝင်ငွေရရှိရန် ဒေသခံများက လိုက်လံဆွတ်ခူးရောင်းချကြသည်။
ယခင်ကာလများက တောင်ယာခုတ်ထွင်ရန်နှင့် ဉယျာဉ်ခြံစိုက်ပျိုးရေးအတွက် ညောင်ချဉ်ပင်များကို ခုတ်ထွင်ရှင်းလင်းပစ်ကြပြီး ယခုအခါ ညောင်ချဉ်ရွက်ကို စားသုံးသူ များပြားလာလျက်ရှိသဖြင့် ကျေးရွာနှင့်ရပ်ကွက်များအတွင်းတွင် တစ်ပင်တစ်လေ ပေါက်ရောက်လျက်ရှိသော ညောင်ချဉ်ပင်များကို လွယ်ကူစွာဆွတ်ခူးနိုင်ရန် ပြုစုထိန်းသိမ်းထားလျက်ရှိကြကြောင်း သိရသည်။
ညောင်ချဉ်ဖူးများမှာ အရင့်မြန်သဖြင့် အနီရောင်အရွက်အလိပ် ထွက်ပြူစကတည်းပင် စောင့်ကြည့်ရကာ နှစ်ရက်မျှအကြာတွင် ခူးယူနိုင်ကြောင်း၊ ညောင်ချဉ်ရွက်ကို မပြုတ်မီ အဖန်ရည်များ စင်သွားအောင် နှစ်ရေပြုတ်ရကြောင်း၊ ညောင်ချဉ်ရွက်ကို ပြုတ်ကာ ကြော်စား၊ သုပ်စား၍လည်းကောင်း၊ အရည်သောက်ဟင်းရည်အဖြစ်လည်းကောင်း၊ အသားငါးများနှင့် ရောချက်၍လည်းကောင်း ပြုလုပ်စားသုံးကြကြောင်း၊ နွေရာသီတွင်သာ ရရှိနိုင်သော အော်ဂဲလ်နစ်စစ်စစ် ရာသီစာဟင်းလျာဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)