မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက် နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌတို့နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ မဲရုံများအား စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က မဲရုံဝန်ထမ်းများနှင့် တာဝန်ရှိသူများအား မဲရုံများတွင်ဆန္ဒမဲပေးမည့် ပြည်သူများ လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရန်၊ မဲရုံအတွင်းအငြင်းပွားဖွယ် ကိစ္စရပ်များဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံးအကြောင်းကြားရန်တို့ကို မှာကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်သန်းက မဲရုံမှူးများနှင့် မဲရုံဝန်ထမ်းများအား ကြိုတင်မဲများ ကောက်ယူနေသောကာလနှင့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသောနေ့တို့တွင် ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း ဥပဒေများအတိုင်း တိကျစွာလိုက်နာပြီး ပြတ်သားစွာ လုပ်ကိုင်ကြရန် မှာကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဝင်းမြင့်က မဲရုံများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များကို မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင် ပြည်သူများ၏ လုံခြုံရေးတို့ကို အထူးဂရုစိုက်ဆောင်ရွက် သွားကြရန်မှာကြားခဲ့ကြသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု (၅၉)အုပ်စုတွင် မဲရုံပေါင်း ၉၄ ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၉၆၉၀၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)